ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Friday, December 25, 2015

Arkar Lynn with Thant Zaw and 8 others. scan ဖတ်ထားသော ebook, pdf file များ၊ screenshot ရိုက်ထားသော ဓာတ်ပုံများ၊
ဓာတ်ပုံများထဲရှိ မြန်မာစာများကို စိတ်ကြိုက် ပြင်ဆင် ကူးယူ နိုင်သော စာလုံး (text) အဖြစ်
ပြောင်းလဲခြင်း
========================
ပထမဦးစွာ Google Account နဲ့ Google functions များ၊ apps များအကြောင်းကို
သဘောပေါက်ဖို့ လိုအပ်ပါတယ်။
(သိပြီးသူများအနေဖြင့် သည်အပိုင်းကို ကျော်ဖတ်နိုင်ပါတယ်)
What is Google?
1. Search Engine (SE)
Google ဆိုတာ အင်တာနက်မှာ ရှာဖွေပေးရေးလုပ်ငန်းကို လုပ်ဆောင်ပေးတဲ့ Search Engine
ဖြစ်ပါတယ်။ website ကတော့ www.google.com.mm ဖြစ်ပါတယ်။
Search box ထဲမှာ ကိုယ်ရှာဖွေချင်တဲ့ website, photo, video, audio, ebook
စတာတွေကို ရိုက်ထည့်ကာ ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် တခြား function များစွာလည်း ရှိပါတယ်။
ဥပမာ English စကားလုံးတစ်ခုကို မသိလျှင် google ကို ရှာဖွေခိုင်းနိုင်ပါတယ်။
ဥပမာ - consolidate ဆိုတဲ့စကားလုံးကို မသိလျှင် search box မှာ "define consolidate"
ဆိုပြီး ရိုက်ရှာနိုင်ပါတယ်။ အဆိုပါ consolidate ရဲ့ ဆန့်ကျင်ဘက်(antonym)စကားလုံးတွေ
ရှာဖွေချင်ပါကလည်း "consolidate antonym" ဆိုပြီး ရိုက်ရှာနိုင်ပါတယ်။ 1kilometer မှာ
ဘယ်နှစ်မိုင်ရှိသလဲ သိချင်လျှင်လည်း " 1 kilometer in miles " , "1 kilometer = ?miles"
ဆိုပြီး ကိုယ်အဆင်ပြေသလို ရိုက်ရှာနိုင်ပါတယ်။ နောက်ထပ် အများကြီးရှိပါသေးတယ်။
အဓိကအကြောင်းရာကိုသာ ဦးတည်ပြောပါရစေ။
2. E-mail (Google mail, gmail)
နောက်တစ်ခုက Google သုံးသူတွေ၊ အင်တာနက်သုံးသူတွေအတွက် free email account
တွေကိုလည်း ပေးပါတယ်။ webmail ဖြစ်ပါတယ်။ ဥပမာ - xxxxxxxxx@gmail.com
ဖြစ်ပါတယ်။ webmail ဆိုတာက Outlook Express တို့ဘာတို့ သုံးစရာမလိုဘဲ Mozilla
Firefox, Opera, Chrome စတဲ့ Web Browser ထဲမှာပင် phone နဲ့ဖြစ်စေ၊ PC နဲ့ဖြစ်စေ
ကိုယ့်ရဲ့ inbox ကို ၀င်နိုင်ပါတယ်။ email များ ပေးပို့နိုင်ပါတယ်။ Phone တွေမှာတော့ Gmail
app လိုမျိုး အဆင်သင့် ၀င်ရောက်သုံးစွဲနိုင်တဲ့ app လေးတွေ ပါတတ်ပါတယ်။ အဲဒီ app တွေ
သုံးရင်တော့ web browser သုံးစရာ မလိုတော့ဘူးပေါ့။
Web browser မှာ google mail ကို သွားချင်ရင် www.mail.google.com သို့
သွားရမှာဖြစ်ပါတယ်။ ရှေ့က www. ကို မရိုက်ဘဲ mail.google.com လို့ ရိုက်ထည့်ပြီး
သွားရင်လည်း ရပါတယ်။ အခုနောက်ပိုင်း Browser တွေအကုန်လုံးက website address
တွေကို အလိုအလျောက် suggest လုပ်ပြီး သူ့ဘာသာ ရှာဖွေဝင်ရောက်ပေးပါတယ်။
3. Google + (social network)
Facebook (www.facebook.com) က ကမ္ဘာတစ်ဝန်းလုံး ရေးပန်းအစားဆုံး social
network ဖြစ်လာပြီးနောက် Google ကလည်း social network တစ်ခု ပြုလုပ်တယ်။ သုံးစွဲသူ
အနည်းအကျဉ်းသာရှိပါတယ်။ facebook, twitter, linkedIn, Netflix တွေလောက်တော့
ရေပန်းမစားပါဘူး။ (plus.google.com)
4. Youtube (www.youtube.com)
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကလား ကျွန်တော်သိပ်မမှတ်မိတော့ဘူး။ Youtube ကို Google က
ဝယ်ယူလိုက်ပါတယ်။ မ၀ယ်ယူသေးခင်က မြန်မာနိုင်ငံမှာ youtube ကို ban ထားပါတယ်။
youtube ကို သွားချင်ရင် proxy တွေနဲ့ ကျော်ပြီး သုံးမှ ရပါတယ်။ အခုတော့ ဖွင့်ပေးတာ ကြာပါပြီ။
အဲဒီ website မှာ video ပေါင်းမြောက်များစွာကို ကြည့်ရှုနိုင်သလို ဗီဒီယိုတွေ တင်ရင်လည်း
ရပါတယ်။ youtube နဲ့ google သပ်သပ်ရှိနေတုန်းက youtube မှာ video တွေ upload
တင်ချင်ရင် youtube account လုပ်ရပါတယ် (sign up လုပ်ရပါတယ်။) အခုအချိန်မှာတော့ မိမိ
google account (or) gmail account နဲ့ sign in ၀င်လိုက်တာနဲ့ youtube ပါ account
ရပြီးသား၊ ၀င်ပြီးသား ဖြစ်ပါတယ်။ ဖုန်းတွေမှာတော့ youtube app ရှိတဲ့အတွက် youtube ကို
browser မသုံးဘဲ app နဲ့ သုံးနိုင်ပါတယ်။
youtube နဲ့ ပတ်သက်ပြီး မည်သည့် downloader မှာ သုံးစရာမလိုဘဲ browser တစ်ခုခုကို
အသုံးပြုကာ ဗီဒီယို download ချနည်းတစ်ခု ရှိပါတယ်။ လွယ်လွယ်လေးဖြစ်ပါတယ်။ ဥပမာ -
ကိုယ်က "အာရှသူရဲကောင်း" ဆိုတဲ့ ဗီဒီယိုကို ရှာပြီး download ချချင်တယ် ဆိုပါစို့။
ပထမဦးဆုံး www.youtube.com ကို သွားလိုက်တယ်။ youtube website ကျလာတဲ့အခါ
search box မှာ အာရှသူရဲကောင်း ဆိုပြီး ရိုက်ရှာလိုက်တဲ့အခါ ဗီဒီယိုများစွာ ကျလာပါလိမ့်မယ်။
မိမိနှစ်သက်တဲ့ တစ်ပုဒ်ကို နှိပ်ပြီး သွားလိုက်ပါ။ ပြီးရင် Address bar မှာ ပေါ်နေတဲ့ ယခု
ဖွင့်ကြည့်နေတဲ့ ဗီဒီယိုရဲ့ link ကို နှိပ်လိုက်ပါ။
ဥပမာ - link က m.youtube.com/xxxxxxxxx ဆိုပါစို့။ အဲဒီစာကြောင်းထဲမှာ youtube ဆိုတဲ့
ရှေ့ဆုံး y ရဲ့ ရှေ့မှာ cursor မှိတ်တုတ်မှိတ်တုတ်ချပြီး ss ဆိုတဲ့ အက်စ်(၂)လုံး
ထပ်ထည့်ပေးလိုက်ပါ။ ဒီလိုဖြစ်သွားပါလိမ့်မယ်။ m.ssyoutube.com/xxxxxxxxx ပြီးရင် go
လိုက်ပါ။ အဲဒီအခါ savefrom.net website ကျလာပြီး download ခလုတ်ကလေးတွေ
ကျလာပါလိမ့်မယ်။ ကိုယ်နှစ်သက်တဲ့ quality၊ ကိုယ်ကြိုက်တဲ့ file format (mp4, flv, avi) ကို
ရွေးချယ်ပြီး ဒေါင်းနိုင်ပါတယ်။
5. Google Earth (earth.google.com)
ကမ္ဘာလုံးကို ကြည့်ရှုနိုင်ပါတယ်။ အဲဒီအထဲမှာ မိမိလုပ်ငန်းကြော်ငြာတွေလည်း ထည့်သွင်းနိုင်သလို
မိမိလုပ်ငန်းတည်နေရာတွေကိုလည်း google earth သုံးသူတွေ တွေ့၇ှိနိုင်စေဖို့
ထည့်သွင်းထားလို့လည်း ရပါတယ်။ ဘယ်လို ထည့်သွင်းရသလဲဆိုတာတော့ နောက်ပိုင်း အခွင့်သင့်မှပဲ
ရေးပါရစေ။ phone တွေမှာတော့ earth ဆိုတဲ့ app ကလေးနဲ့ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
6. Google Contacts (contacts.google.com)
မိမိဖုန်းမှာ phone contact တွေ ရှိပါတယ်။ ဖုန်းမှာ ကိုယ့်ရဲ့ google account တစ်ခုကို sign
in ၀င်ထားလိုက်ရင် မိမိဖုန်းမှာရှိတဲ့ contacts တွေကို google server ထဲမှာ synchronize
လုပ်ပြီး သိမ်းထားပေးပါတယ်။ တကယ်လို့ မိမိဖုန်း ပျောက်သွားရင်လည်း contact တွေအတွက်
ပူစရာမလိုပါဘူး။ Internet သုံးနိုင်တဲ့ မည်သည့် ဖုန်း၊ ကွန်ပျူတာမဆို contacts.google.com
ဆီသို့သွားကာ ပြန်လည် ၀င်ရောက် ရယူနိုင်ပါတယ်။ တချို့က phone တွေထဲမှာ google
account က Auto Sync လုပ်တာကို အလကားနေရင်း အင်တာနက်လိုင်းကို နောက်ကနေ
ယူသုံးနေတယ်ဆိုပြီး ပိတ်ထားတတ်ပါတယ်။ အဲဒီလို sync ပိတ်ထားရင်တော့ နောက်ဆုံးအကြိမ်
sync လုပ်ခဲ့တဲ့ contacts တွေအတိုင်းပဲ ပြန်ရမှာပါ။
7. Google Bookmarks (bookmarks.google.com)
အင်တာနက်အသုံးပြုတဲ့အခါ မိမိနှစ်သက်တဲ့ website တွေ အများကြီး တွေ့ရတတ်ပါတယ်။ အဲဒီအခါ
website နာမည်တွေကို နည်းအမျိုးမျိုး မှတ်သားထားလေ့ရှိပါတယ်။ တစ်ချို့က note ထဲမှာ
မှတ်ကြတယ်။ တချို့က စာအုပ်ထဲမှာ ရေးမှတ်ထားကြတယ်။ website တွေက များလွန်းတော့
ဝင်နေ၊ ထွက်နေကျ မဟုတ်ရင် လိပ်စာတွေ မေ့တတ်ပါတယ်။
Google bookmarks မှာ ကိုယ်စိတ်ကြိုက် မှတ်သားထားလို့ ရပါတယ်။ ဒါ့အပြင် website
တွေကိုလည်း ကိုယ့်စိတ်ကြိုက် ကဏ္ဍခွဲထားလို့ရပါတယ်။ ဥပမာ www.khanacacemy.com
ဆိုရင် Education, www.codeacademy.com ဆိုရင် programming,
www.dhammadownload.com ဆိုရင် Dhamma Library စသဖြင့် မိမိနှစ်သက်သလို
နာမည်တွေ ပေးပြီး မှတ်ထားနိုင်ပါတယ်။ ဒါ့ကြောင့် google account တစ်ခု ရှိရုံနဲ့ Internet ရတဲ့
စက်တိုင်း၊ နေရာတိုင်းကနေ ကိုယ်လိုချင်တာကို ပြန်ယူနိုင်ပါတယ်။
8. Google Docs (docs.google.com)
Microsoft Office Word သုံးသလို တစ်ချို့က စာတွေ ရေးမှတ်ထားလိုကြတယ်။ အဲဒီအတွက်
အဲဒီလိပ်စာမှာ စာတွေကြိုက်သလို ရေးမှတ်ပြီး google server မှာပဲ သိမ်းထားနီုင်တယ်။ phone
မှာ သုံးတဲ့ app လည်း ရှိပါတယ်။ Google Docs အပြာရောင် app လေးပါ။
9. Google Drive (drive.google.com)
Google က သုံးစွဲသူတွေအတွက် Google Server မှာ မိမိဒေတာတွေ (ဓာတ်ပုံ၊ စာဖိုင် စသည်)
အခမဲ့ သိုလှောင်နိုင်ဖို့ လုပ်ပေးထားပါသေးတယ်။ အရင်ကတော့ 5GB capacity ပဲရပါတယ်။
အခုတော့ 15GB တောင် ပေးထားပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့ မိသားစုဓာတ်ပုံတွေ၊ စာတွေ၊
စာရင်းဖိုင်တွေ စတဲ့ အရာမှန်သမျှ upload လုပ်ပြီး cloud storage လုပ်နိုင်ပါတယ်။ ဖုန်းက
ပျောက်ဆုံး၊ ပျက်ဆီးသွားသော်လည်း photo တွေကို drive မှာ auto-sync လုပ်ထားခဲ့ရင်
မည်သည့် နေရာကနေမဆို အချိန်မရွေး ပြန်လည်ရယူနိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဉ် အရေးကြီး
ဖိုင်များကို backup လုပ်ရာမှာ ဒီလိုမျိုး cloud storage လုပ်ခြင်းဟာ အကောင်းဆုံးလို့ မိမိ
ထင်မြင်ပါတယ်။ တခြား free or premium cloud storage တွေလည်း ရှိပါတယ်။
SugarSync, 4Shared, Minus စသဖြင့် အများကြီးပါပဲ။
Google Drive ကို ကွန်ပျူတာ၊ ဖုန်းများနဲ့ ၀င်ရောက်နိုင်ပါတယ်။ ကွန်ပျူတာမှာဆိုရင် Firefox,
Chrome စတဲ့ browser တွေ လိုအပ်ပါတယ်။
ဖုန်းမှာဆိုရင်တော့ Drive ဆိုတဲ့ app လေးရှိတာနဲ့ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ်
ဖုန်းမှာရှိတဲ့ Chrome, firefox, UC browser, safari စတဲ့ browser တစ်ခုခုနဲ့လည်း
ဝင်ရောက်နိုင်ပါတယ်။
နောက်ထပ် အသုံးပြုနိုင်တဲ့ function တွေ အများကြီး ရှိပါသေးတယ်။ ဆက်လက်လေ့လာလိုပါက
www.google.com မှာ ၀င်ရောက်လေ့လာနိုင်တယ်။
PC (Desktop) Vs Mobile
website တစ်ခုကို ဖွင့်ကြည့်တာချင်းအတူတူ ဖုန်းမှာ၇ှိတဲ့ browser ကနေ ဖွင့်ကြည့်တာနဲ့ PC
မှာ၇ှိတဲ့ browser ကနေ ဖွင့်ကြည့်တာနဲ့ website preference မတူပါဘူး။
ဥပမာ - youtube ကို သွားတယ် ဆိုပါစို့။
PC မှာ ဆိုရင် www.youtube.com ဆိုပြီး ၀င်သွားပါတယ်။
Phone မှာဆိုရင် m.youtube.com ဆိုပြီး ၀င်သွားပါတယ်။
တူသလားဆိုတော့ တူတူပါပဲ။ မတူဘူးလားဆိုတော့ user interface နဲ့ website layout
ကွာခြားသွားပါတယ်။
ဒါ့ကြောင့် ကွန်ပျူတာမရှိဘဲ ကွန်ပျူတာမှာ ကြည့်ရ မြင်ရ၊ သုံးရသလိုမျိုး ဖုန်း browser တစ်ခုခုမှာ
လုပ်ယူချင်ရင် Request Desktop site ဆိုတာကို ရွေးချယ်ပေးပြီး PC နဲ့ အင်တာနက်
သုံးနေတဲ့အတိုင်း သုံးနိုင်ပါတယ်။ ဒါပေမယ့် မြင်ကွင်းကျယ်ပြီး ၊ မောက်စ်၊ ကီးဘုတ်တို့နဲ့ တကယ့်
ကွန်ပျူတာသုံးနေရသလိုမျိုးတော့ လွယ်ကူ သက်သာမှာမဟုတ်ပါဘူး။ website ကြီးက
လေးလံနှေးကွေးနေကာ data လည်း mobile site ကို ဖွင့်ကြည့်တာထက် အများကြီး
စားသုံးပါတယ်။ တစ်ခါတစ်လေ mobile site တွေမှာ မပါတဲ့ function တွေကို desktop site မှာ
ပြောင်းကြည့်မှ သုံးနိုင်မှာဖြစ်တဲ့အတွက် တစ်ခါတစ်လေ ပြောင်းပေးရပါတယ်။
========
ဒီလောက်ဆိုရင် အခု ကျွန်တော်ပြောမယ့် Google Drive ထဲမှာ connect လုပ်ပြီး သုံးစွဲနိုင်တဲ့
Google OCR (Optical Character Recognition) app လေးကို ချိတ်ဆက် အသုံးပြုကာ
ဓာတ်ပုံ၊ ebook တွေထဲမှာပါတဲ့ မြန်မာစာတွေကို မြန်မာယူနီကုတ်စာလုံးတွေအဖြစ် ပြောင်းလဲခြင်းကို
ပြောပြနိုင်ပါပြီ။
What is OCR?
OCR ဆိုတာ အသေဖြစ်နေတဲ့ ၊ ဓာတ်ပုံလိုမျိုးဖြစ်တဲ့ စာတွေကို လိုက်ဖတ်ပြီး စိတ်ကြိုက် ပြင်ဆင်
ပြောင်းလဲ ကော်ပီကူးယူ သုံးစွဲနိုင်တဲ့ စကားလုံး (text) တွေအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။
ဘယ်လိုချိတ်ရမလဲ?
1. Computer သုံးရင် ပိုလွယ်ပါတယ်။ drive.google.com သွားပါ။ setting ထဲဝင်ပါ။
Manage App ထဲဝင်ပါ။ connect more app ဆိုတဲ့ အပြာရောင် စာသားလေးထဲဝင်ပါ။
အဲဒီမှာ OCR လိုက်ရှာပါ။ တွေ့ရင် connect လုပ်လိုက်ပါ။ ဒါပါပဲ။
2. Phone နဲ့ ဘယ်လိုလုပ်ရမလဲ
လိုအပ်ချက်များကတော့ -
မိမိဖုန်းထဲမှာ
၁။ Chrome Browser (google account ၀င်ပြီး)
၂။ Drive App (မရှိသေးရင် ဒေါင်းလုပ်ဆွဲပြီး သွင်း၊ သွင်းပြီးတာနဲ့ မိမိ google account (or)
gmail account ၀င်ထားပါ)
၃။ Google Docs app (မရှိသေးရင် ဒေါင်းလုပ်ဆွဲပြီး သွင်းထားပါ)
၎။ internet connection (mobile data or wifi)
အဆင့်(၁)
အင်တာနက်ဖွင့်ထားပါ။ Chrome ထဲဝင်ပါ။ Chrome setting ထဲဝင်ပြီး Request Desktop
site ကို အမှန်ခြစ်ပေးထားပါ။ (ဖုန်းကို ကွန်ပျူတာအဖြစ် သုံးရမှာမို့လို့ပါ)
အဆင့်(၂)
address bar မှာ drive.google.com ဆိုပြီး သွားလိုက်ပါ။
ဒါပေမယ့် drive.google.com/drive/u/mobile/my-drive ဆိုပြီး link က အရှည်ကြီး
ကျလာပါလိမ့်မယ်။
အဲဒီအခါ နောက်က /drive/u/mobile/my-drive စသော စကားလုံးများကို ဖျက်ပြီး
drive.google.com ဆိုတာလေးကိုပဲ ချန်ထားပြီး သွားလိုက်ပါ။
အဆင့်(၃)
drive.google.com မှာ အပေါ်ညာဖက်ထောင့်နားလောက်မှာ ၇ှိတဲ့ setting ထဲဝင်ပါ။
Manage App ထဲဝင်ပါ။ connect more app ဆိုတဲ့ အပြာရောင် စာသားလေးထဲဝင်ပါ။
အဲဒီမှာ OCR လိုက်ရှာပါ။ တွေ့ရင် connect လုပ်လိုက်ပါ။ တခါတလေ အဲဒီ screen လေးကို
ပိတ်မရဘဲ ဖြစ်တတ်ပါတယ်။ ပိတ်မနေပါနဲ့။ ထားလိုက်ပါ။ new tab အသစ်ဖွင့်ပြီး
drive.google.com ပြန်ဝင်လိုက်ပါ။
အဆင့်(၄)
phone ရဲ့ home button ကို တန်းနှိပ်ပြီး chrome ထဲမှ ထွက်ပါ။ ထို့နောက် drive ဆိုတဲ့ app
ထဲသို့ ၀င်လိုက်ပါ။ အနီရောင် အပေါင်းသင်္ကေတလေးကို နှိပ်ပြီး ss ဖမ်းရိုက်ထားတဲ့ စာတွေ
(မြန်မာစာ) ပါတဲ့ ဓာတ်ပုံတစ်ခုကို upload လုပ်ပါ။
(အဲဒီနေရာမှာ တစ်ခုပြောချင်တာက mobile data နဲ့ အသုံးပြုနေပါက drive က ချက်ချင်း
upload လုပ်မပေးပါဘူး။ ရပ်နေလို့ရှိရင် ရပ်နေတဲ့ အဲ့ဒီဓာတ်ပုံအကွက်ထဲက မြားဝိုင်းကလေးကို
နှိပ်ပြီး တကယ် upload လုပ်လိုက်ပါ။ ပြီးလျှင် refresh လုပ်ကြည့်ပြီး upload လုပ်ပြီးတာ
သေချာအောင် ကြည့်ပါ။ ဓာတ်ပုံ thumbnail ပေါ်နေရင် ရပါပြီ။
အဆင့်(၅)
စောစောက ထွက်လာခဲ့တဲ့ chrome ကို ပြန်ဖွင့်ပါ။ drive.google.com tab ကို refresh
လုပ်ပေးပါ။ စောစောက drive နဲ့ တင်လိုက်တဲ့ ဓါတ်ပုံလေး ပေါ်လာရင် တစ်ချက်နှိပ်ပြီး ရွေးပါ။
ထို့နောက် အပေါ်မှာရှိတဲ့ (ဘေးကမဟုတ်ဘူး) My drive ဆိုတာကို ဖွင့်ပြီး အဲဒီအထဲက Open with
ဆိုတာကို သွားပြီး google docs ဆိုတာကို ရွေးပြီး ဖွင့်လိုက်ပါ။
ဒီလိုမလုပ်ချင်ဘူးဆိုရင် ဓာတ်ပုံကို အကြာကြီးဖိနှိပ်ထားရင်လည်း open with ပေါ်လာတတ်ပါတယ်။
အဲဒီထဲကနေ ရွေးပေးရင်လည်း ရပါတယ်။
အဆင့်(၆) ဒါဆိုရင် အပေါ်က ဓာတ်ပုံမူရင်းကို ပြသပေးပြီး
အောက်က ယူနီကုတ်စကားလုံး လေးတွေအဖြစ် တွဲပြပေးပါတယ်။ ကော်ပီ ကူးယူလို့ ရပါပြီ။ ဓာတ်ပုံလို
အသေကြီး မဟုတ်တော့ပါဘူး။
ယူနီကုတ်စာများကို ဇော်ဂျီဖောင့် ပြောင်းလဲလိုပါက
http://mrdba.info/zawgyi-converter/

No comments:

Post a Comment