ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Sunday, September 21, 2014

Windows တွေမှာ Image Backup File ကို ဘယ်လို Restore ပြန်လုပ်မလဲ



အရင်လတုန်းက System Image Backup File နဲ့ System Repair Disc တွေကို မိမိတို့ကိုယ်တိုင် ပြုလုပ် ဖန်တီးပြီး သိမ်းထားလို့ရမယ့် နည်းလေးကို ရေးပေးခဲ့ပြီးပါပြီ..။ Image Backup File လုပ်နည်းကို  ပြန်ကြည့်ချင်တဲ့သူများကတော့ ဒီလင့်ကနေ ဝင်သွားကြည့်နိုင်ပါတယ်..။ အခုဒီပိုစ့်က အဲလိုသိမ်းထားခဲ့တဲ့ Image Backup File ကို ဘယ်လိုပြန်ပြီး Restore လုပ်ရမလဲ ဆိုတာကို ဆက်ရှင်းပြပေးသွားမှာပါ..။ ဒီပိုစ့်ကို အကြာကြီးစောင့်မျှော်နေတဲ့ ညီအစ်ကိုမောင်နှမတွေကိုတော့ အားနာပါတယ်..။ ကျနော့်မှာလည်း ပုံလေးတွေကို လိုက်ပြန်ရှာနေရတာနဲ့ အမြန်တင်မပေးဖြစ်ခဲ့တာပါ..။ အခုတောင် အတတ်နိုင်ဆုံး ပုံလေးတွေကို စုထားပေးပေမယ့် ၂ပုံလောက် လိုပါသေးတယ်..။ ထပ်ရှာတာ မရတော့လို့ ဒါလေးတွေပဲ တင်ပေးလိုက်ပါတယ်..။ လိုနေတဲ့ ပုံလေးတွေနေရာမှာ နားလည်လွယ်အောင် အတတ်နိုင်ဆုံး ရိုးရိုးလေးဖြစ်အောင် ရေးပေးသွားပါ့မယ်..။ နောက်တခုက System Repair Disc ကို USB ပေါက်တွေကနေ အသုံးပြုလို့ရအောင်.. (အခွေထုတ်ဖို့ CD/DVD Drive မပါတဲ့ ကွန်ပျူတာသုံးသူများအတွက်) Card Reader ထဲမှာ Phone Memory Card ကိုထည့်ပြီး.. ဒါမှမဟုတ် USB Pendrive တွေထဲမှာ System Repair Disc ကိုသွင်းပြီး Image Backup File ဆီရောက်အောင် လုပ်တဲ့နည်းလေးလည်း ရှိပါသေးတယ်..။ အဲလိုလုပ်လို့ရတဲ့ ဆော့ဝဲလ်ကို နောက်တင်တဲ့ ပိုစ့်မှာ တင်ပေးသွားပါ့မယ်..။ ကျနော် USB ပေါက်ကနေ Windows တင်လို့ရအောင် အဲဒီဆော့ဝဲလ်လေးနဲ့ပဲ လုပ်တာပါ..။ အခု System Repair Disc ကိုလည်း USB ပေါက်ကနေ ဝင်လို့ရအောင် အဲဒီဆော့ဝဲလ်လေးပဲ အသုံးပြုခဲ့တာပါ..။ အခွေထုတ်မရတဲ့ စက်တွေအတွက် Windows7 System Repair Disc 32-bit အတွက်ရော 64-bit အတွက်ပါ အဲဒီ Image ဖိုင်တွေကို ISO ဖိုင်အဖြစ်ပြောင်းပြီး ကျနော်တင်ပေးသွားပါအုန်းမယ်..။ အားလုံးအတွက် အဆင်ပြေအောင်လို့ပါ..။ အခုတော့ ဒီပိုစ့်ကို ဆက်ရအောင်.. 

ကျနော်တို့ Windows တွေမှာ တခုခု ပြဿနာပေါ်လာပြီ.. Error တွေများလာလို့ ခဏခဏ စက်က ရပ်ရပ်သွားတဲ့ အခါမျိုးတွေမှာ အရင်ကျနော်တို့ လုပ်ပြီးသိမ်းထားခဲ့တဲ့ Image Backup File ကို အခုဒီနည်းနဲ့ ပြန်သွင်းလိုက်ရင် လက်ရှိဝင်းဒိုးမှာ ပေါ်နေတဲ့ ပြဿနာအားလုံး ပျောက်ကင်းသွားပါလိမ့်မယ်.. Image Backup File လုပ်ခဲ့တုန်းက အချိန်ကို ပြန်ရောက်သွားပါလိမ့်မယ်..။ မိမိတို့အသုံးပြုနေတဲ့ စက်က ဝင်းဒိုးတက်နေသေးတယ်.. ပေါ်နေသေးတယ်ဆိုရင် စက်ကို Restart ချလိုက်ပါ..။ စက်ပိတ်သွားတာနဲ့ ကီးဘုတ်မှ F8 ကီးကို ဆက်တိုက်နှိပ်ထားပြီး Safe Mode ထဲကို ဝင်သွားလိုက်ပါ..။ Safe Mode ထဲကို ရောက်ရင် အောက်ကပုံမျိုး မြင်ရပါလိမ့်မယ်..။ တချို့စက်တွေမှာ Safe Mode ထဲကို F8 နဲ့ဝင်လို့မရရင်.. မိမိတို့ စက်ရဲ့ အမျိုးအစားနဲ့ Model နဲ့ Google မှာ စာရိုက်ပြီး Safe Mode ထဲဝင်လို့ ရမယ့် Key ကိုရှာပါ..။ ရှာလို့ရနိုင်ပါတယ်..။ အဲလိုမှမရရင် Image Repair Disc နဲ့ ဝင်ပါ..။ အောက်မှာ လုပ်နည်းကို ဆက်ကြည့်လိုက်ပါဗျာ..။ 
F8 နဲ့ Safe Mode ထဲကို ရောက်ရင် အောက်ကပုံမျိုး မြင်ရပါလိမ့်မယ်..။ မျှားပြထားတဲ့ နေရာ Repair Your Computer စာသားနေရာကို ရောက်အောင် ကီးဘုတ်က အပေါ်၊အောက်မျှားနဲ့ ရွှေ့ပါ..။ အဲဒီစာသားနေရာကို ရောက်ရင် Enter တချက်ခေါက်ပါ..

နောက်တဆင့်အနေနဲ့ အောက်ကပုံမျိုး မြင်ရပါလိမ့်မယ်..။


ဒီအောက်ကပုံမျိုး ထပ်ပေါ်လာရင် မျှားအနီပြထားတဲ့ နေရာကို ကလစ်ပါ..


ဒီနေရာမှာ ကြားဖြတ်အနေနဲ့ တခုပြောပြချင်တာက Windows7 အခွေနဲ့လည်း Image Backup File ဆီကို အောက်ကပုံလေးအတိုင်း ရောက်အောင် ဝင်လို့ရသေးတယ်ဆိုဒါပါပဲ..။ F8 နဲ့ Safe Mode ထဲဝင်လို့ မရရင် Windows7 ခွေနဲ့ အောက်ကပုံလေးအတိုင်း ဝင်ပါ..။ အဆင်ပြေပါတယ်..။

နောက်ပြီး Image Repair Disc နဲ့ ဝင်မယ်ဆိုရင် Windows တင်နည်းအတိုင်း မိမိတို့စက်ရဲ့ Boot မီနူးထဲဝင်လို့ရတဲ့ F2, F12, Del စသဖြင့် မိမိတို့စက်ရဲ့ အမျိုးအစားအလိုက် ပေါ်လာတဲ့ ကီးတွေကို နှိပ်ပြီး ဝင်သွားလိုက်ရင် အောက်ကပုံပေါ်တဲ့ နေရာကို တန်းရောက်သွားပါလိမ့်မယ်..။


ပုံလေးတွေမှာ မြင်ရတဲ့ အတိုင်း အဆင့်ဆင့် နှိပ်သွားလိုက်ပါ..။ ဒီပုံတွေအားလုံးကို Google ကနေရှာထားတာ ဖြစ်တဲ့ အတွက် ကိုယ်တိုင် ဓါတ်ပုံရိုက်သလို ရှင်းရှင်းလင်းလင်း ဖြစ်မနေပါဘူး.. အားလုံး ဝါးတားတားပဲ ဖြစ်နေမှာပါ..။ 
အောက်ကပုံကတော့ အဲဒီအဆင့်ကို ရောက်ရင် မိမိတို့ စက်ရဲ့ ဟတ်ဒစ်ထဲက Backup လုပ်ထားတဲ့  Partition အပိုင်းကို ဖေါ်ပြပေးပါလိမ့်မယ်..။ အောက်ကပုံကတော့ ကျနော်စက်မှာ လုပ်တုန်းက ပေါ်လာတဲ့ စာသားကို ရေးမှတ်ထားပြီး ဒီနေရာမှာ ဖေါ်ပြပေးလိုက်တာပါ..။ အဲလို စာသားမျိုး ပေါ်လာလိမ့်မယ်ဆိုတာ သိရအောင်လို့ပါ..။ ပြီးရင်တော့ Next ကိုနှိပ်ပါ..။

အောက်ဆုံးပုံမှာ မှင်နီဝိုင်းပြထားသလို ၂ချက်ကလစ်ပေးရပါမယ်..။ နောက်ဆုံး ပေါ်လာမယ့် ပုံကတော့ ရှာလို့မတွေတော့လို့ အဲ့ပုံထဲမှာ ရေးထားတဲ့ အတိုင်း ဒီနေရာမှာ ရေးပြပေးလိုက်ပါတယ်..။ 
All data on the drives to be restore will be ................. ............ ..... Image. Are you sure you want to continue ? 
အောက်မှာ Yes နဲ့ No ရွေးပေးရပါမယ်..။ Yes ကိုကလစ်ပေးလိုက်ပါ..။ Image Backup File ကို Restore ပြန်လုပ်နေပါလိမ့်မယ်..။ အနည်းဆုံး မိနစ်၂၀ ကျော်၊ မိနစ် ၃၀ ကျော် ကြာတတ်ပါတယ်.. အဲဒီအချိန်မှာတော့ ဘာမှနှိပ်ဖို့ မလိုတော့ပါဘူး..။ ဒီတိုင်းပဲ လွှတ်ပေးထားလိုက်ပါ..။ Restore လုပ်လို့ ပြီးသွားရင်တော့ သူ့အလိုလို Restart ဖြစ်ပြီး Windows ပြန်တက်လာပါလိမ့်မယ်..။ အဲဒီဝင်းဒိုးဟာ ကျန်ခဲ့တဲ့ အချိန်တုန်းက မိမိတို့ Backup လုပ်ပြီး သိမ်းခဲ့တဲ့ ဝင်းဒိုးပါ..။ Restore မလုပ်ခင်က ရှိနေတဲ့ ဝင်းဒိုးနဲ့ ဖိုင်တွေ၊ ဆော့ဝဲလ်တွေကတော့ မရှိတော့ပါဘူး..။ OS (C:) ထဲမှာ ရှိခဲ့တဲ့ဟာတွေအားလုံးကို ရှင်းပစ်လိုက်ပြီး Backup လုပ်ထားတဲ့ ဝင်းဒိုး ရောက်လာတာပဲ ဖြစ်ပါတယ်..။ (နောက်ဘယ်နှကြိမ်ပဲ ဖြစ်ဖြစ် Backup File ကို Restore ပြန်လုပ်လို့ ရပါတယ်..။)  ဒါကြောင့် Backup ဖိုင်ကို Restore မလုပ်ခင်မှာ မိမိတို့ ဝင်းဒိုးထဲမှာရှိနေတဲ့ မိမိတို့ လိုအပ်တဲ့ သိမ်းချင်တဲ့ ဖိုင်တွေ၊ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ ဆော့ဝဲလ်တွေကို တခြား Partition တခုခုထဲ (ဒါမှမဟုတ်) USB နဲ့ တွဲသုံးလို့ ရတဲ့ External Hard Disk တွေထဲမှာ ပြောင်းသိမ်းထားပြီးမှ Image Backup File ကို ဒီနည်းနဲ့ Restore လုပ်ဖို့ သတိပြုစေချင်ပါတယ်..။ အားလုံးပဲ ဒီနည်းလေးကို အသုံးပြုတတ်လောက်ပြီလို့ ထင်ပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍   အဆင်ပြေကြပါစေဗျာ.

No comments:

Post a Comment