ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Friday, February 28, 2014

Appendix အူအတက်

(၁) အူအတက်ပေါက်တာ အူရောင်တာ မဖြစ်အောင် ဘယ်လိုနေထိုင်ရမလည်းဆရာ။
(၂) မရှင်းတာလေး ၁ခုလောက်ရှိလို့ မေးခွင့်ပြုပါဆရာ။ ဝမ်းဗိုက်၏ ညာဘက် ချက်အောက်ဘက်က ဗိုက်အောင့်တိုင်း အူအတက် ဖြစ်နိုင်ပါသလား။ အမြဲတမ်းမအောင့်ပဲ တခါတလေမှ အောင့်ပြီး ၁၅ မိနစ်လောက်နေလျှင် ပြန်ပျောက် သွားပါတယ်။ အောင့်လျှင်လည်း ခါးကုန်းနေသည်အထိ အောင့်ပါတယ်။ အူအတက် သို့မဟုတ် မည်သည့် ရောဂါ ဖြစ်နိုင်ပါသလဲ။ မည်သို့ ကုသ၍ ရနိုင်ပါမည်ကိုလဲကျေးဇူးပြု၍ ညွှန်ကြားပေးစေလိုပါတယ် ဆရာ။

အူအတက်ရောဂါ ဘာလို့လာဖြစ်လဲ။ သူ့ကို လာပိတ်လို့ဖြစ်တယ်။ ပုံမှန်အစာဟောင်း၊ အစာထဲက မာတာတခုခု ဒါမှမဟုတ် ကင်ဆာကနေ ပိတ်တာကြောင့်ဖြစ်တယ်။ သံကောင်ကနေလဲ ဖြစ်နိုင်တယ်။ ဆို့နေတဲ့အစာက ကယ်လ်စီယမ်ဖြစ်စဉ် ဝင်လာတတ်တယ်။ ၁၅ ယောက်မှာ ၁ ယောက်လောက်ဖြစ်တယ်။ အရွယ်မရွေးဘူး။ ၂ နှစ်အောက်ကလေးမှာ ဖြစ်တာ မရှိသလောက်ဘဲ။

အူအတက်အခေါင်းပိတ်ရင် ရောင်မယ်၊ သွေးကြောတွေ အဖိခံရမယ်။ သွေးပြန်ရည် လည်ပတ်တာကို ထိခိုက်မယ်။ ရောင်ရမ်းဖြစ်စဉ် ဝင်လာမယ်။ သက်သာသွားတာလဲရှိမယ်။ သွေးမရတာလဲ ဖြစ်နိုင်တယ်။ ပိုးဝင်လာနိုင်တယ်။ ပြည်တည်လာနိုင်တယ်။ ပေါက်ထွက်နိုင်တယ်။ ဗိုက်ခေါင်းကို ပိုးဝင်တာ ဆက်ဖြစ်နိုင်တယ်။ သက်သာရာကနေ အခဲဖြစ် ကျန်ရစ်မယ်။ နောက်တခါ ပြန်နာနိုင်တယ်။

အူအတက်ရှိတဲ့နေရာကို အပြင်ကနေ အတိအကျသိချင်ရင် စိတ်ကူးမျဉ်းဆွဲရတယ်။ “ချက်” ရယ်၊ “တင်ပါးဆုံရိုးပြား ထိပ်နေရာ” ရယ်ကိုမျဉ်းတကြောင်းဆွဲပါ။ အဲဒီနေရာဆိုတာကခါးဘေးအောက်၊ ပေါင်အထက်မှာ လက်နဲ့စမ်းရင် အရိုးမာမာ ဘုကလေးလို ရှိနေတဲ့နေရာပါ။ ပိန်ပိန်-ဝဝစမ်းလို့ရတယ်။ တင်ပါးမှာဆေးထိုးတဲ့အခါ အဲဒီ အရိုးစွန်းလေးကို လက်မနဲ့ စမ်းပြီးထိုးတာ ကောင်းတဲ့သင်ကြားမှုကိုရထားသူဖြစ်တယ်။

ဆွဲထားတဲ့မျဉ်းကို သုံပိုင်းညီညီ စိတ်ထဲမှာဘဲ ပိုင်းကြည့်လိုက်ပါ။ ချက်ဘက်က ၂ ပိုင်းနဲ့ အရိုးစွန်းဘက်က ၁ ပိုင်း ဆုံရာနေရာရဲ့ အောက်တည့်တည့်မှာ အူအတက်ကရှိနေတယ်။ အူအတက်မှာတခုခုဖြစ်ရင် အများဆုံးနာတာကအဲဒီ (ပွိုင့်) မှာနာတာက အများဆုံး ဖြစ်တယ်။ နည်းနည်းလွဲတာလည်း ရှိတာပေါ့။

အူအတက်ရောဂါတွေမှာ Acute Appendicitis ရုတ်တရက်ရောင်တာရယ်၊ Sub-Acute Appendicitis ရက်ပိုကြာတာရယ်၊ Appendicular Abscess, Burst Appendix ပြည်တည်-ပေါက်ထွက်သွားတာရယ်၊ Appendicular Lump အစိုင်အခဲ ဖြစ်နေတာရယ် ဆိုပြီးရှိတယ်။ ရုတ်တရက်ရောင်ရင် ချက်ချင်းဖြစ်၊ ချက်ချင်းဆရာဝန်ဆီရောက်၊ ချက်ချင်းခွဲစိတ်ရတာမျိုး ဖြစ်တယ်။ နာရင်လဲခေတ်စကားနဲ့ဆိုအသားကုန်နာတာပေါ့။ ပေါက်သွားရင် ရုတ်တရက်ရောင်တာထက် ပိုနာတယ်။

သိပ်မဆိုးလို့ ဆရာဝန်ဆီလည်းမရောက်၊ ပေါက်လဲမထွက်သူတွေကရက် နည်းနည်းရှိမှ ရောက်လာတတ်တယ်။ ချက်ချင်းခွဲစရာလည်း မလိုဘူး။ ရက်နောက်ကျမှာလာသူတွေကိုပြောခဲ့တဲ့နေရာကိုသေခြာခြာစမ်းရင် အစိုင်အခဲကို တွေ့နိုင်တယ်။ ဒီလိုလူနာကိုလည်း ချက်ချင်းမခွဲဘူး။ ၂ လတန်သည်၊ ၃ လတန်သည် စောင့်ပြီး၊ အေးအေးဆေးဆေး လူနာလည်းအား ဆရာဝန်လည်း အလုပ်မများချိန်မှာ ရက်ရွေးပြီးခွဲစိတ်ရတယ်။

ပြောတဲ့နေရာမှာနာတိုင်း အူအတက် ဟုတ်ချင်မှ ဟုတ်တယ်။ အူအတက်ရောဂါဖြစ်တာကိုပိုသေခြာအောင် စမ်းရမယ်။ ဆေးခန်းလက်ထောက်ဆရာမတွေကို သင်ပေးသလိုရေးပါရစေ။ လူနာကိုပက်လက်ထား၊ ဗိုက်ကိုလက်ဝါးပြင်နဲ့ အသာအယာစမ်းပါ။ အူအတက်ရှိတဲ့နေရာကို တခါတည်းသွားမစမ်းသေးနဲ့အုံး။ စမ်းတဲ့လက်နဲ့ လူနာ့ဗိုက် ရင်းနှီး ကြွမ်းဝင်သွားအောင် စကားစမြီပြောရင်း စမ်းပါ။ ပိုင်ပိုင်နိုင်နိုင်၊ ကိုယ့်လက်ဝါးနဲ့ သူ့ဗိုက်သားနဲ့ အမျိုးတော်နေသလို ဖြစ်အောင်လုပ်ပြီး စမ်းပါ။ ခဏနေမှ အူအတက်ရှိရာတည့်တည့်ကိုတပဲသားမှ လွဲမသွားအောင် စမ်းပါ။ နာ-မနာ ဆိုတာသိဘို့ ဖြစ်တယ်။ စမ်းနေရင်းလူနာကို နာသလားမေးစရာမလိုသေးဘူး။ လူနာ့ မျက်နှာကိုသာ ကြည့်နေပါ။ နာတာကို အမူအယာနဲ့ သိနိုင်တယ်။ မျက်နှာ ရှုံ့သွားမယ်။ လိုမှသာနာ-မနာမေးပါ။

နာတာကိုဘာသာပြန်ရင် Pain, Painful ပေါ့။ အမှန်ကခံစားရသူကနေ “နာတယ်ဆရာ” လို့ ဆရာဝန်ကလက်နဲ့မထိခင် ပြောတာကိုသာအဲလိုခေါ်တယ်။ စမ်းကြည့်တဲ့အခါ နာတာကို Tenderness လို့ ခေါ်ရတယ်။ အူအတက် ရောင်ရင် Pain ရော Tenderness ရောရှိတယ်။ လေနာသမားကိုစမ်းရင် Pain ရှိပေမဲ့၊ စမ်းတဲ့လက်ကြောင့် အနာတောင် သက်သာနိုင်တယ်။

နာတာသိယုံနဲ့ “အူအတက်ကွ” လို့ ဆုံးဖြတ်ချက်ကို (ဂျမ့်ပ်) မလုပ်နဲ့အုံး။ ဆက်စမ်းရအုံးမယ်။ နာပါတယ်ဆိုတဲ့ အူအတက်နေရာကို အသာအယာဖိပေးထားပြီး၊ ရုတ်တရက် စမ်းတဲ့လက်ကို ၉ဝ ဒီဂရီ ပြန် မ, ပြစ်လိုက်ပါ။ အဲဒီအခါ လူနာ့မျက်နှာ တခါထပ်ရှုံ့လိမ့်မယ်။ မတတ်သာလို့ “မရွှေတက်” နှစ်ခါနာ ဖြစ်အောင်လုပ်ရတာ။ “ဆောရီး” နော်။ ပိုသေခြာလာပြီ။ အဲ့ လူနာနားကမခွါနဲ့အုံး။

စမ်းတဲ့လက်ကို အူအတက် မရှိတဲ့ ဗိုက်အောက်ပိုင်း ဘယ်ဘက်ခြမ်းကို စမ်းပါ။ မေးရင် မနာဘူးပြောမယ်။ အဲဒီဘက်ကနေ အူအတက်ဆီ တွန်းပေးကြည့်လိုက်ပါ။ ရောင်နေတဲ့ အူအတက်ဆီတဖက်ကအူတွေကိုတွန်းဖိပေးလို့ နာပြန်ရတာ ဖြစ်တယ်။ “မရွှေတက်” ခင်မြာ တတိယမိနာတယ် ပြောလိမ့်မယ်။ ဒုတိယမိ “ဆောရီး” နော်။

ပိုပိုသေခြာလာပြီ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးဘူး။ ကိုယ်ပူတယ် မပြောလည်းအဖျားတိုင်းပါ။ အပူချိန် မြင့်နေရင် ပြောပေတာ့။ “ယူ့ အပဲန်ဒစ် တခုခုဖြစ်နေပြီ” လို့။

တော်တော့ဆရာက ဒါလောက်ဘဲသင်မယ်။ ကိုယ်သင်တဲ့ ဆရာမအကုန်အစင် ရစေချင်တယ်။ ဆက်မေးစရာ၊ စမ်းစရာ၊ ကျန်သေးတယ်။ လူနာတွေဟာတယောက်နဲ့ တယောက် အနာခံနိုင်တာမတူကြသလိုပညာခံလည်းကွာတယ်။ တချို့က သဲတယ်။ ပါလာတဲ့ အမျိုးတွေရှေ့ ချွဲချင်လို့ ဟိုနေရာစမ်းလည်းနာတယ်၊ ဒီနေရာလည်းနာတယ်၊ လုပ်တတ်တယ်။ တချို့က ပညာခံနည်းတော့ မပြောတတ်ဘူး။ တိတိပပသိရအောင်လုပ်ရမယ်။ Sympathy ကိုခဏထား Empathy နဲ့ စမ်းပါလေ။

လူနာကအမျိုးသမီးဆိုရင် ဆက်မေးစရာတွေ ရှိလာပြီ။ အဖြူဆင်းသလားမေးပါ။ ဆင်းရင် ယားသလားမေးပါ။ မွေးလမ်းကြောင်းရောင်တာလည်း ထည့်စဉ်းစားရမယ်။ သားအိမ်ပြွန် ညာဘက်ရောင်နေရင် အူအတက်နေရာနဲ့ သိပ်နီးလို့ နာတဲ့နေရာတူတယ်။ အူအတက်ကသူချည်းဖြစ်ရင် အဖြူမဆင်းဘူး။ ဘယ်ဘက်ပါ နာချင်နာနေမယ်။ ဒါဆိုအူအတက် မဟုတ်နိုင်တော့ဘူး။

ရာသီမှန်-မမှန် မေးပါ။ မမှန်ရင် ထိန်သလား။ အိမ်ထောင်ရှိရင် ကိုယ်ဝန်ရှိလားမေးပါ၊ စစ်ပါ။ ကိုယ်ဝန်နုတုံး၊ သားအိမ်ပြင်ပ၊ ညာဘက်ပြွန်မှာကိုယ်ဝန်တည်ရင် ဆင်တူနေပြန်တယ်။

ကလေး-လူကြီး၊ အမျိုးသမီး-အမျိုးသား၊ သန်ကောင်ကိုလည်းထည့်စဉ်းစားပါ။ Pain ဘဲရှိမယ်။ Tenderness မရှိဘူး။

နောက်တခါ ဝမ်းကိုက်ဘူးတဲ့ ရာဇဝင်လည်းမေးပါအုံး။ (အမီးဗား) ဝမ်းကိုက်ပိုးကအူမကြီးအစပိုင်း၊ အူအတက် ထွက်တဲ့နေရာ Caecum မှာလာရောင်တတ်တယ်။ သူကလည်းဖျားနိုင်တယ်။ အစိုင်အခဲလိုလိုလည်းစမ်းလို့ရတယ်။ Appendicular lump နဲ့ ခွဲသိရမယ်။

ဆီးလမ်းကြောင်းမှာ ကျောက်ကပ်ကနေ ဆီးအိမ်ကိုဆင်းတဲ့ Ureter ဆီးပြွန် ညာဘက်ထဲမှာ ကျောက်က တစ်နေရင်လည်း နာတယ်။ နာတာက အူအတက်ထက်တောင် နာတယ်လို့ ပြောနိုင်တယ်။ ချွေးပြန်တဲ့အထိ။ သူနာတာကို Pain လို့ မခေါ်ဘူး။ Agony လို့ ခေါ်မှ တိကျတယ်။

ချုပ်လိုက်ကြအောင်။ မေးတဲ့သူမှာ Acute Appendicitis မဟုတ်နိုင်ပါ။ လိုတာတွေ စစ်ပါ။ လိုတယ်ထင်သေးရင် မေးပါ။

• Appendicitis treatment with Antibiotics အူအတက်ရောင်တာမခွဲဘဲရသလားhttp://dts-medicaleducation.blogspot.com/2011/11/appendicitis-treatment-with-antibiotics.html

Dr. တင့်ဆွေ
၂၃-၅-၂ဝ၁ဝ

No comments:

Post a Comment