ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Saturday, January 16, 2016

အခြေခံဂစ်တာသင်ခန်းစာ (intro)

မင်္ဂလာပါ ။ အခြေခံဂစ်တာသင်ခန်းစာကတော့ ဂစ်တာကို အခြေခံမှစတင်ပြီး လေ့လာသင်ယူနိုင်ဖို့ ရည်ရွယ်ပြီး ရေးထားခြင်းဖြစ်ပါတယ် ။ ဂစ်တာကို နည်းစနစ်တကျ ကိုယ်တွယ်တီးခတ်နိုင်ဖို့ ၊ ဘယ်ညာ လက်အနေအထား ၊ Guitar pick ကိုင်တွယ်ပုံ ၊ ဂစ်တာကြိုးညှိပုံ ၊ Guitar Tablature ဖတ်နည်းများကို သိထားရပါမယ် ။ အဲဒါကြောင့်  လေ့ကျင့်ခန်းများ မတီးခတ်မီ ဂစ်တာနဲ့ ပတ်သတ်တဲ့ သိထားသင့်တဲ့ အကြောင်းအရာ တစ်ချို့ကို ဒီသင်ခန်းစာမှာ ရေးပေးထားပါတယ် ။ 

ဂစ်တာ၏အစိတ်အပိုင်းများ

Picture
 ဂစ်တာမတီးခတ်မီ ကျွန်တော်တို့ တီးခတ်မယ့် တူရိယာဖြစ်တဲ့ ဂစ်တာရဲ့ အစိတ်အပိုင်းများနှင့် အကျွမ်းဝင် ရင်းနှီးအောင် အရင်ဆုံး လေ့လာကြည့်ရအောင် ။ ပထမဆုံး Headstock လို့ခေါ်တာ ဂစ်တာရဲ့ ခေါင်းပိုင်းပါ ။ အဲဒီမှာရှိတဲ့ Tuning keys (or) Machine Heads လေးတွေနဲ့ ခင်ဗျားဂစ်တာ ကို ကြိုးညှိရပါမယ် ။ အဲဒီနောက်မှာ မျှော့ကြောင်းလေးတွေ ဖော်ထားတဲ့ Nut လို့ခေါ်တဲ့ ဂစ်တာကြိုးထိန်းလေး ရှိတယ် ။ သူ့ကို ပလက်စတစ် ၊ အရိုး (သို့) သစ်သား စတာတွေနဲ့ ပြုလုပ်လေ့ရှိတယ် ။ သေးငယ်ပေမယ့် အင်မတန် အရေးပါတဲ့ ကောင် လေးဖြစ်ပါတယ် ။ ဂစ်တာကြိုးတွေကို မရွှေ့ရှားနိုင်အောင် ထိန်းဖို့ ၊ ကြိုးတွေကို လက်ကွက်ပြားပေါ်မှ မတင်ပေးထားတဲ့ တာဝန်ကို ယူထားပါတယ် ။ နောက်အစိတ်အပိုင်း တစ်ခုကတော့ ခင်ဗျားရဲ့ အိပ်မက်တွေကို ပျိုးကြဲပေးမယ့် Neck လို့ခေါ်တဲ့ ဂစ်တာ လက်တံကြီး ပါပဲ အဲဒီက Frets (သတ္ထုဘား)များနဲ့ ပိုင်းခြားထားတဲ့ Fretboard (လက်ကွက်ပြား) ပေါ်က  နေရာအမျိုးမျိုးမှာ စနစ်တကျ ကွဲပြား ခြားနားတဲ့ သံစဉ် အမျိုးမျိုးကို ခင်ဗျား ဖန်တီးနိုင်ပါတယ် ။ အဲဒီမှာ ခင်ဗျား မှတ်မိလွယ်အောင် position marker လို့ခေါ်တဲ့ လက်ကွက်ပြား အမှတ်အသားလေးတွေ မြှုပ်ပေးထားပါတယ် ။ များသောအားဖြင့် အဝိုင်းလေးတွေပါ ။ တခြားပုံစံတွေလည်း ပြုလုပ်နိုင်ပါတယ် ။ (အော်ဒါမှာပေါ့  :) ။ ကဲ … နောက်ဆုံးကတော့ အသံထွက်တဲ့ ဂစ်တာရဲ့ ကိုယ်ထည် (Body)ပါပဲ ။ ကိုယ်ထည်မှာကတော့ Sound Hole (အသံထွက်ပေါက်) ၊ ဂစ်တာကို လက်ခတ်ပြားနဲ့ မခြစ်မိအောင် ကာကွယ် အလှဆင်ထားတဲ့ Pickguard (လက်ခတ်ပြားထိန်း) နှင့် Bridge (ကြိုးထိန်းခုံ) တစ်ခု ရှိပါတယ် ။ Bridge ပေါ်မှာလည်း Nutနှင့် ဆင်တူတဲ့ အသံထွက်ဖို့ ထောက်ပံ့ပေးတဲ့ Saddleခေါ် ကြိုးထိန်းရန် ပင့်မရန် အပြားလေးအပြင်၊ ဂစ်တာကြိုးတပ်ဖို့ string pegs ခေါ်တဲ့ ငုတ်လေးတွေလည်း ရှိပါတယ် ။ နောက်ပိုင်းပြုလုပ်တဲ့ ဂစ်တာအများစုမှာတော့ string pegs ပါတာများပါတယ် ။ အရင်တုန်းက ဂစ်တာတွေမှာတော့ နောက်ဆွဲ ခေါ်တဲ့ (tailpiece) မှာ ဂစ်တာကြိုးကို သွင်းပြီး တပ်ရပါတယ် ။ ဒီနေ့ခေတ်မှာတော့ အဲလိုပုံစံမျိုးတွေ အတွေ့နည်းသွားပါပြီ ။  အိုကေ ... ဂစ်တာ ကိုင်တွယ်တီးခတ်ပုံ ကိုယ်ဟန် အနေအထားများ ကို စလိုက်ကြရအောင် ။

ကိုယ်ဟန်အနေအထားများ

ညာဘက်ပေါင်ပေါ်ဂစ်တာတင်တီးခြင်း (normal position)

Picture
လက်တန်းမပါတဲ့ ထိုင်ခုံတစ်လုံးမှာ ခါးကို ခပ်မတ်မတ်ထိုင်လိုက်ပါ ။  သက်တောင့်သက်သာ ရှိရပါမယ် ။ ခါးကုန်းခြင်း ပျော့ခွေခြင်း နောက်မှီထားခြင်း မရှိသင့်ပါဘူး ။ ထိုင်ခုံမှာ နောက်မှီမပါရင် ပိုကောင်းပါတယ် ။ ဂစ်တာကို ညာဘက်ပေါင်ပေါ်ကို တင်လိုက်ပါ ။ ဂစ်တာလက်တံကို အပေါ်နည်းနည်းမြှောက် ထားပါ ။ ဂစ်တာတင်ထားတဲ့ ညာခြေအောက်မှာ အမြင့်တစ်ခု ခံထားချင်လည်းရပါတယ် ။ ဒီပုံစံဖြင့် acoustic guitar (သံကြိုးတပ်ဂစ်တာ)နှင့် electric guitar (လျှပ်စစ်ဂစ်တာ) တို့ကို တီးခတ်နိုင်ပါတယ် ။

ဘယ်ဘက်ပေါင်ပေါ်ဂစ်တာတင်တီးခြင်း (classical position)

Picture
ဒီပုံစံကိုတော့ classical position လို့ သိကြပါတယ် အများအားဖြင့် classical music ကို nylon-string guitar (နိုင်လွန်ကြိုးတပ်ဂစ်တာ) ဖြင့် တီးတဲ့အခါ တီးခတ်လေ့ရှိတဲ့ ပုံစံပါ ။ ဒီပုံစံကတော့ အပေါ်ကပုံစံရဲ့ ပြောင်းပြန်ပါ ။ ဂစ်တာကို ခန္ဓာကိုယ်မှာ ပိုက်ပြီးတီးတဲ့ ပုံစံပါ ။ ဂစ်တာကို ဘယ်ခြေပေါ် တင်လိုက်ပါ ။ ဂစ်တာတင်ထားတဲ့ ဘယ်ခြေရဲ့အောက်မှာ ၆လက်မခန့် အမြင့်တစ်ခုကို ခံထားပေးပါ ။ အမြင့်ခံပြီး ခြေထောက်မြှောက်ထားခြင်းကြောင့် ဂစ်တာဟာ ဘယ်ဘက် ရင်အုံမှာ ကပ်နေပါမယ် ။ ဂစ်တာလက်တံကို ၄၅ဒီဂရီခန့် မြှောက်ထားလိုက်ပါ ။ ဒီအနေအထားဟာ ဘယ်လက်ကို Fretboard တစ်ခုလုံး လွတ်လပ်စွာ သွားလာတီးခတ်နိုင်သလို ၊ ညာလက်ကိုလည်း သက်တောင့်သက်သာ ရှိစေပါတယ် ။ classical position ဟုခေါ်သော်ငြားလည်း သံကြိုးတပ်ဂစ်တာ ၊ လျှပ်စစ်ဂစ်တာများဖြင့်လည်း တီးခတ်နိုင်ပါတယ် ။ (ဘယ်သူမှတရားမစွဲပါ ) 

Guitar Plectrum ကိုင်တွယ်ခြင်း (ညာလက်အနေအထား)

Picture
ဂစ်တာလက်ခတ်ပြားကို Plectrum (သို့) Pick လို့လည်းခေါ်ကြပါတယ် ။ အရင်ဆုံး pick တစ်ခုဝယ်လိုက်ပါ (သို့) ဂစ်တာတီးတဲ့ သူငယ်ချင်းတစ်ယောက်ဆီက တောင်းလိုက်ပါ ။ (ဆောရီး အကျင့်ပါနေလို့ ) ။ ယေဘုယျအားဖြင့် pick ၃မျိုးရှိပါတယ် ။ Thin (လက်ခတ်အပါးစား) , Medium (မထူမပါး) နဲ့ Heavy (အထူစား) ပါ ။ ဂစ်တာစတီးသူတွေအတွက် Thinနှင့် Medium ဟာအသင့်တော်ဆုံးပါပဲ ။ pick ကိုင်ဖို့ ညာလက်ချောင်းများရဲ့ အလယ်ဆစ်ကိုကွေးလိုက်ပါ ။ လက်သီးမဆုပ်ထားပါဘူး ။ လက်ချောင်းတွေပဲ ဆုပ်ထားတာပါ ။ အနူလက်သီးပုံစံပေါ့ဗျာ ။ ပြီးရင် လက်ညိုးကွေးပေါ်မှာ pick ကိုတင်ပြီး လက်မဖြင့် ညပ်လိုက်ပါ ။ pick ကို ဖိမကိုင်ရပါဘူး ။ လက်မကခပ်ဖွဖွထိန်းထားရုံပါ ။ pickကို လက်မအပြင်သို့ လက်မဝက်ခန့် အရှည်ထုတ် ထားလိုက်ပါ ။ pickနဲ့လက်မဟာ ၉၀ဒီဂရီ ထောင့်ချိုးရှိနေရပါမယ် ။ ဒါက ကိုင်တဲ့နည်းစနစ်ပါ ။ တီးတဲ့အခါလည်း pickကို ကြိုးတွေပေါ်မှာ အပြားလိုက် ဒဲ့တီး ရပါတယ် ။ (စောင်းမတီးပါ) ။ အဲလိုတီးမှ floating ဖြစ်ပါမယ် ။ Rhythm တီးခတ်တဲ့အခါ ညာလက်ကို တတောင်ဆစ် တစ်ခုလုံး လွှဲ ၍တီးပါတယ် ။ ( နာရီချိန်သီးလွှဲလိုမျိုးပါ) ။ ဂစ်တာကြိုး၆ကြိုးဟာ လက်လွှဲကျယ်ရဲ့ အလယ်မှာ ရှိပါမယ် ။ pickကို ခပ်ဖွဖွကိုင်၍ floating ဖြစ်ရမှာကို သတိထားပါ ။ လက်ကိုလေထဲမှာပဲ ထားပါမယ် ။ ဂစ်တာ ကိုယ်ထည်ကို လက်သန်းထောက်ခြင်း ၊ Bridgeခုံကို မီထားခြင်း မပြုရပါဘူး ။ အဓိကpicking ၂မျိုးရှိပါတယ် ။   down stroke (ဂစ်တာကြိုးပေါ်မှ ကြိုးအောက်သို့ တီးခတ်ခြင်း)   နှင့်  up stroke (ဂစ်တာကြိုးအောက်မှ အပေါ်သို့ ပင့်ခတ်ခြင်း)   တို့ဖြစ်ပါတယ် ။ ထိုသို့ တီးခတ်ရာတွင်လည်း   free stroke (pickကို အလွတ်လေထဲတွင်တီးခြင်း) နှင့်   rest stroke (pickကိုအောက်ကြိုးပေါ်တွင် ရပ်နားခြင်း)    ဟူ၍ရှိပါတယ် ။ ကျွန်တော်တို့က free stroke ဖြင့်သာလေ့ကျင့်ပါမယ် ။ အစပိုင်းမှာ pick ခဏခဏ လွတ်ကျပါလိမ့်မယ် ။ စိတ်မပျက်ပါနဲ့ ။ ပြန်ကောက်ပြီး တီးလိုက်ပါ။ အစပိုင်းမှာတော့ အားလုံးဒီလိုပါပဲ ။ အထပ်ထပ်လေ့ကျင့်ပြီး ကျင့်သား ရလာတဲ့အခါ pick ဟာ ခင်ဗျားလက်ထဲမှာ မြဲလာပါလိမ့်မယ် ။

ဘယ်လက်အနေအထား

Picture
ဂစ်တာလက်တံ နောက်ဘက်ကို စိတ်ပိုင်းဖြင့် ထက်ဝက် ပိုင်းလိုက်ပါ ။ ဘယ်ဘက်လက်မဟာ ဂစ်တာလက်တံရဲ့ အောက်ဘက် (သို့) အလယ်နားတဝိုက်မှာသာ ရှိရပါမယ် ။ ဂစ်တာနောက်ဘက်က လက်မအနေအထား ပုံစံ-၁ ကိုကြည့်ပါ (လက်ချောင်းထိပ် တည့်တည့် တီးခတ်နိုင်ဖို့ ဒီအနေအထားကို ဂရုတစိုက် လေ့ကျင့်ပေးရပါမယ် ) လက်ဖဝါးဟာ ဂစ်တာလက်တံမှာ ကပ်မထားရပါဘူး ။ လက်မနှင့် ကျန်လက်လေးချောင်းဟာ ဂစ်တာလက်တံကို ခွထားတဲ့ အနေအထားပါ ။ ဂစ်တာရှေ့က လက်ချောင်းများအနေအထား ပုံစံ-၂ ကိုကြည့်ပါ ။ တတ်နိုင်သလောက် ကြေးဘားတန်းများရဲ့ ဘယ်ဘက်နားမှာ ကပ်ပြီး တီးပါ ။ လက်ချောင်းများနှင့် ဂစ်တာလက်တံဟာ ထောင့်မှန်အနေအထား ရှိပါတယ် ။ အလေ့အကျင့် မရှိသေးရင် အနည်းငယ် ခက်ခဲနိုင်ပါတယ် ။ လက်ကောက်ဝတ်ကို ချိုးထားသလို မဖြစ်ရအောင် ဂစ်တာလက်တံကို အပေါ် အနည်းငယ် မြှောက်ထားရင် သက်သက်သာသာ တီးနိုင်ပါတယ် ။ အဆင်ပြေပါစေဗျာ …. ။ 

ဂစ်တာကြိုးညှိခြင်း

ဂစ်တာစတင်မတီးခတ်မီ ဂစ်တာကြိုးတွေကို မဖြစ်မနေ ကြိုတင်ညှိထားရပါမယ် ။ ခရမ်းပြာ သံစဉ်တွေ တီးချင်တယ်ဆိုရင် မညှိလို့လည်း ရပါတယ် ။ ( နောက်တာပါ ။ မညှိလို့မရပါဘူး :) ) ဂစ်တာကြိုးညှိတဲ့ နည်းစနစ် အမျိုးမျိုးရှိပါတယ် ။                                                                   
  •  အီလက်ထရစ်ကိရိယာဖြင့်ဂစ်တာသံညှိခြင်း (Electric/Digital Tuner)
  • အသံညှိပိုက်ဖြင့်ဂစ်တာသံညှိခြင်း ( Tuning/Pitch Pipe )
  •  အသံညှိခက်ရင်းဖြင့်ဂစ်တာသံညှိခြင်း ( Tuning Fork )
  • စန္ဒရား၊ကီးဘုတ်ဖြင့်ဂစ်တာသံညှိခြင်း ( Tuning by Piano/Keyboard )
  • နားဖြင့်ဂစ်တာသံညှိခြင်း ( Tuning by Ear ) … စသည်ဖြင့် အမျိုးမျိုးရှိပါတယ် ။  ယနေ့ အင်တာနက်ကွန်ပြူတာ ခေတ်မှတော့ software ၊ application များဖြင့် ကြိုးညှိခြင်းအပြင် ၊ onlineမှတဆင့် လွယ်ကူစွာ ဂစ်တာကြိုးညှိနိုင်ပါသေးတယ် ။
Picture
Electric/Digital tuner       သုံးပြီးအသံညှိတာကတော့ အမြန်ဆန်ဆုံး အလွယ်ကူဆုံးနဲ့ အတိကျဆုံးပါပဲ ။ (ဈေးကလည်း တိတိကျကျ ကောင်းပါတယ်) E-tuner အများစုမှာတော့ Guitarအပြင် Bass/Violin/ukulele စတဲ့ ကြိုးတပ် တူရိယာတွေလည်း ညှိနိုင်ပါတယ် ။ ဒါ့အပြင် ဂစ်တာကျင့်ရင် မရှိမဖြစ်လိုအပ်တဲ့ Metronome ခေါ် နရီချိန်စက်လည်း တွဲပါလေ့ရှိပါတယ် ။ အသုံးပြုရလွယ်ကူတယ် ဆိုသော်လည်း အနည်းဆုံး ဂစ်တာလွှတ်ကြိုးတွေရဲ့ အသံကိုတော့ သိထားရပါမယ် ။ Standard tuning လို့ခေါ်တဲ့ ယေဘုယျစံအဖြစ် သတ်မှတ်ထားတဲ့ ဂစ်တာကြိုး အသံတွေက - - -

  • နံပါတ်၁လွှတ်ကြိုး = E   (329.63Hz)
  • နံပါတ်၂လွှတ်ကြိုး = B   (246.94Hz)
  • နံပါတ်၃လွှတ်ကြိုး =   (196.00Hz)
  • နံပါတ်၎လွှတ်ကြိုး = D   (146.83Hz)
  •  နံပါတ်၅လွှတ်ကြိုး = A   (110Hz)
  •  နံပါတ်၆လွှတ်ကြိုး = E   (82.41Hz)  …. တို့ဖြစ်ပါတယ် ။

လွှတ်ကြိုးသံတွေကို သိထားဖို့လိုပေမယ့် Frequencyတွေကတော့ မှတ်ဖို့မလိုပါဘူး ။ ဗဟုသုတအဖြစ် ထည့်ထားတာပါ ။ ညှိပုံနည်းစနစ်ကတော့ Guitar cable ခေါင်းတစ်ဖက်ကို ဂစ်တာရဲ့ output jack ပေါက်မှာထိုးပြီး ကျန် cableခေါင်းတစ်ဖက်ကို Tunerရဲ့ input ပေါက်မှာ ထိုးလိုက်ပါ ။ Tunerက Click-type ဆိုရင် ဂစ်တာခေါင်း (Headstock) မှာ ညှပ်လိုက်ပါ ။ အကယ်၍ ခင်ဗျားဂစ်တာမှာ jack ပေါက် မပါလည်း Tunerက built-in Microphone ကိုဖွင့်၍ ဂစ်တာနားကပ်ပြီး ညှိလည်းရပါတယ် ။ ကဲ..ကြိုးစညှိရအောင် ဂစ်တာနံပါတ်၁ကြိုးကို တီးလိုက်ပါ ။ screen မှာ B,C,D စသည်ဖြင့် ပေါ်နေတဲ့အခါ E ကိုရောက်အောင် ညှိပါမယ် ။ များသောအားဖြင့် လျော့နေတာများပါတယ် ။ E ကိုရောက်တဲ့အခါ မီတာတံလေးကို အလယ်တည့်တည့်ကျအောင် ထပ်ပြီး ညှိရပါမယ် ။  အသံနိမ့်တဲ့အခါ flat sign ( b )  ဘက်ကိုမြှားရောက်နေပြီး ၊ အသံမြင့်တဲ့အခါ sharp sign ( # )  ဘက်ယိုင်နေတဲ့ မီတာတံလေးကို တွေ့ရပါမယ် ။ အလယ်တည့်တည့်ကျအောင် ညှိလိုက်ပါတော့ ။ Standard tuning နဲ့ညှိထားတဲ့ Acoustic ဂစ်တာကြိုးတွေဟာ ခပ်တင်းတင်းလေး ရှိပါတယ် ။ ကျန်ကြိုးတွေလည်း ထိုနည်းလည်းကောင်း ပါပဲ ။ အပေါ်မှာရေးထားတဲ့ လွှတ်ကြိုးသံတွေ ကြည့်ပြီး ညှိလိုက်ပါတော့ ။


Tuning Pipe   ဆိုတာကတော့ သူ့ရဲ့ပိုက်လုံးကို ပါးစပ်နှင့်မှုတ် ၊ ထွက်လာတဲ့အသံကို နားထောင်ပြီး ဂစ်တာကြိုးတွေနဲ့ ကိုက်ညီအောင်ညှိရတဲ့ ကြိုးညှိကိရိယာတစ်မျိုးပါ ။ အများစုကတော့ အသံ၆မျိုးပါတဲ့ ပိုက်၆ချောင်းတပ်ပုံစံမျိုးဖြစ်ပေမယ့် ပိုက်၁ချောင်း (အသံ၁သံ)တည်း လည်းရှိပါတယ် ။ ပိုက်ပေါ်မှာ ကြိုးနံပါတ်နှင့် အသံတွေကို ရေးပေးထားပါတယ်  E1 , B2 , G3 , D4 , A5 , E6 စတာတွေပါပဲ ။ Eဆိုတာက လွှတ်ကြိုးသံ ၊ 1ဆိုတာက ကြိုးနံပါတ်  ကဲ … ညှိလိုက်အုံးတော့ နောက်တစ်မျိုး


Tuning Fork   ကတော့ ယနေ့အသုံးနည်းပါတယ် ။ သူ့ကို pitch အမျိုးမျိုးထုတ်လုပ်ပေမယ့် အများစု အသုံးပြုတာကတော့ A(440Hz)ပါ ။ ပုံသဏ္ဌာန်က အင်္ဂလိပ်စာလုံး "U"ကို လက်ကိုင်တုတ်ချောင်းလေး တပ်ထားသလိုပါပဲ ။ ညှိပုံကတော့ တစ်ချောင်းတည်း ရှိတဲ့ လက်ကိုင်ဘက်က ကိုင်ပြီး "U"ပုံသဏ္ဌာန် နှစ်ချောင်းပါတဲ့ဘက်ကို အမာခံတစ်ခုမှာ ရိုက်လိုက်ပါ ။ ထွက်လာတဲ့အသံကို နားရွက် နားကပ်နားထောင်ပြီး အသံတူအောင်ညှိရတာပါ ။ ဒီပုံတိုင်းဆို လက်၃ဖက်လိုပါတယ် J Tuning Fork တီးဖို့တစ်ဖက် ၊ ဂစ်တာကြိုးကို တီးခတ်ဖို့တစ်ဖက် ၊ Tuning key ကိုလှည့်ပေးဖို့တစ်ဖက် … ။ အကောင်းဆုံးက Tuning Fork လက်ကိုင်ကို ညာလက်ညိုးနှင့် လက်ခလယ်ကြားမှာ ညှပ်ပြီး ကိုင်ထားပါ ။ အဲဒီနောက် အမာခံတစ်ခုကို တီးလိုက်ပါ ။ လက်ကိုင်ရဲ့ ဘုသီးအဝိုင်းလေးကို ဂစ်တာရဲ့ ကိုယ်ထည်မှာ ကပ်လိုက်ပါ ။ သူ့ရဲ့တုန်ခါရှိန်ကြောင့် ဂစ်တာမှ အသံထွက် လာပါလိမ့်မယ် ။ (အဲဒီအသံနှင့် တူညီအောင် ညှိရမှာပါ) ညာလက်မဖြင့် ညှိမယ့်ကြိုးကို တီးလိုက်ပါ ။ ဘယ်လက်ဖြင့် Tuning key ကိုလှည့်ကာ ညှိနိုင်ပါပြီ .. ။ ခင်ဗျားတို့ ကြိုက်ရင်တော့ သုံးပေါ့ ။ ကျွန်တော်တော့ ကရိကထများတဲ့အတွက် မကြိုက်ပါ ။ ဒါပေမယ့် သူ့ကို သတ္ထုအမာစားနဲ့ ပြုလုပ် ထားတော့ ရေရှည် အသုံးခံပါတယ် ။
Picture








Tuning by keyboard -  ကီးဘုတ်ဖြင့် ဂစ်တာကြိုးညှိချင်ရင်တော့ ပုံမှာပြထားတဲ့ အတိုင်းပါပဲ ။  သာမန် ကီးဘုတ်တွေမှာတော့  ဒီပုံမှာ ပြထားတဲ့အတိုင်း Middle C ရဲ့ ညာဘက် တတိယမြောက်ခလုတ်ဟာ ဂစ်တာ နံပါတ်၁ လွှတ်ကြိုး Eသံ နှင့် တူညီပါတယ် ။ ဒါပေမယ့် ကွဲပြားမှု အနည်းငယ်လည်း ရှိပါတယ် ။ ဂစ်တာနုတ်မှာ ရေးထားတဲ့ Middle C ဟာ စန္ဒရားနုတ်မှာ ရေးတဲ့ Middle C ထက် အသံတစ်ပြန် (1 octave)နိမ့်တာကတစ်ကြောင်း  (သို့) အသံခုနစ်ပြန် (7 octaves ) ရှိတဲ့ စန္ဒရားလိုတူရိယာမျိုးနှင့် ဂစ်တာကိုညှိတဲ့အခါ Middle C ဟာ နောက်အသံမြင့်တစ်ပြန် (1 octave)    နေရာမှာ ရှိနေပါတယ် ။ ရှုပ်သွားလားမသိဘူး ။ ရှင်းရင်းနဲ့ရှုပ်လာပြီ  ။ ရှင်းသွားမှာပါ ။ အောက်ကပုံလေးကိုကြည့် လိုက်ပါ ။ 

Picture

ဒီလောက်ဆို ရှင်းသွားပါပြီနော့် ။ ဒါတွေနဲ့ မကျေနပ်သေးဘူး ဆိုရင်လည်း အင်တာနက်မှာ ကြိုးညှိနိုင်တဲ့ online guitar tuner တွေအများကြီး ရှိပါတယ် ။ လွယ်ကူတဲ့ ဆိုက်တစ်ချို့ကတော့ …..
နောက် Mobile Guitar Tuner တွေလည်း အများကြီးရှိပါတယ် ။ ဒေါင်းပြီးသာ ညှိလိုက်ပေတော့ ။ တော်တော်လေးစုံလင်သွားပါပြီ ။ အထက်ပါနည်းလမ်းတွေအပြင် ၊ ဂစ်တာသမားတိုင်း သိထားသင့်တဲ့ ၊ အမြဲတမ်း အသုံးပြုရမယ့် နည်းလမ်းတစ်ခု ရှိပါသေးတယ် ။ 
Picture







Tuning by Ear -  နားနှင့် ဂစ်တာကြိုးညှိမယ်ဆိုရင်လည်း Standard Tuning ဖြစ်ဖို့ အသံတစ်သံလိုပါတယ် ။ အဲဒါကတော့ ကြိုးဖုန်း(တယ်လီဖုန်း) တစ်ခုပါ ။ (မိုဘိုင်းမဟုတ်) ။ ကြိုးဖုန်း လက်ကိုင်ကိုယူပြီး နားထောင်ကြည့်ရင်  တူ…… လို့မြည်နေတဲ့ အသံရှည်ကို ကြားရပါမယ် ။ အဲဒါဟာ ဂစ်တာ နံပါတ်၁ကြိုးရဲ့ ပဉ္စမမြောက် လက်ကွက် မှာရှိတဲ့  Aသံပါ ။ 440hz ရှိပါတယ် ။ တစ်ကြိုး အသံညီရင် ကျန်တာတွေ မခက်တော့ပါဘူး ။ အလွယ်ဆုံးနည်းနဲ့ စလိုက်ရအောင် ။ ၁ကြိုးအသံ ညီပြီဆိုရင် ၆ကြိုးရဲ့အသံကိုညှိနိုင်ပါပြီ ။ ၁ကြိုးလွှတ်ကြိုးနှင့် ၆ကြိုးလွှတ်ကြိုးကို အသံတူအောင် ညှိလိုက်ပါ ။ ပြီးရင် နံပါတ်၅ကြိုးကို ဆက်ညှိပါမယ် ။ နည်းစနစ်ကတော့ -

Picture
၆ကြိုး၏ လက်ကွက်၅ ကိုနှိပ်ပြီး တီးလိုက်ပါ ။ ထို့နောက် ၅ကြိုး၏ လွှတ်ကြိုးကို တီးလိုက်ပါ ။  ထိုနှစ်အသံသည် အတိအကျ ထပ်တူညီနေရပါမည် ။ ၅ကြိုး၏ အသံသည် နိမ့်နေလျှင်တင်းပေး၍   မြင့်နေလျှင် လျော့ပေးရပါမည် ။ ကြိုးလျော့နေလား တင်းနေလားကို သင်ကိုယ်တိုင် ဆုံးဖြတ်ရပါမည် ။ (ခေါင်းလွှဲလိုက်ပြီ ) ။ များသောအားဖြင့် လျော့နေတတ် ပါသည် ။ဤနည်းအတိုင်း ၅ကြိုးလက်ကွက်၅နှင့် ၄လွှတ်ကြိုး ၊ ၄ကြိုးလက်ကွက်၅နှင့် ၃လွှတ်ကြိုး ၊ ၃ကြိုးလက်ကွက်၎နှင့် ၂လွှတ်ကြိုး ၊ ၂ကြိုးလက်ကွက်၅နှင့် ၁လွှတ်ကြိုး ...စသည်တို့ကို အသံညီအောင် ညှိပြီးလျင် သင်၏ ဂစ်တာသံသည် ဗေလုဝနတ်စာင်းကို ၁၈နှစ်နတ်သမီး တီးသကဲ့သို့ အသံထွက်လာပေလိမ့်မည် ။

ဂစ်တာကို ကြိုးညှိပြီးပြီ ဆိုရင်တော့ ... အသံမှန် မမှန် .. အောက်မှာ ပေးထားတဲ့ အသံဖိုင်ကိုဖွင့်ပြီး တိုက်ကြည့်ပါ ။ ၁ကြိုးကနေ ၆ကြိုးအထိ လွှတ်ကြိုးသံတွေ တီးပေးထားပါတယ်။


Guitar Tablature

Tablature   ဆိုတာ ကြိုးတပ်တူရိယာတွေရဲ့ တီးခတ်ရမယ့် ကြိုးနှင့် လက်ကွက်ကို ဖော်ပြတဲ့ နေရာပြနုတ်တစ်မျိုးပါ ။ ၆ကြိုးတပ် ဂစ်တာအတွက် မျဉ်း၆ကြောင်း ပါဝင်တဲ့ Guitar Tablature ကို အသုံးပြုပါတယ် ။ မျဉ်းကြောင်း၆ကြောင်း ဆိုသည်မှာ ကြိုး၆ကြောင်း ကို ကိုယ်စားပြုပါတယ် ။   ပုံ-၁   ကို ကြည့်ပါ ။ 
Picture
ဂစ်တာကို ပက်လက်လှန် ထားတဲ့ပုံစံပါ ။ Guitar Tablature ဆိုတာလည်း ဂစ်တာကို ပြောင်းပြန် လှန်ရေးထားတဲ့ နေရာပြနုတ်တစ်မျိုးပါပဲ ။ အပေါ်ဆုံးမျဉ်းကြောင်း (1 st   line) ဟာ ဂစ်တာရဲ့ နံပါတ်၁ကြိုး (E) ကို ပြောတာပါ ။ အဲဒီမျဉ်းပေါ်တွင် ရေးထားသော (0) ဆိုတဲ့ဂဏန်းကတော့ လွှတ်ကြိုးကို ပြောတာပါ ။ အဲဒါကြောင့် အပေါ်ဆုံးမျဉ်း (1 st Line) ပေါ်မှာ (0) လို့ တွေ့တဲ့အခါ ဂစ်တာ နံပါတ်၁ကြိုးရဲ့ လွှတ်ကြိုးကို တီးရပါမယ် ။ ဒါဆို ဒုတိယမျဉ်းကြောင်း (2 nd   Line) ဆိုတာ ဂစ်တာနံပါတ်၂ကြိုး (B) ၊ တတိယမျဉ်း(3 rd   Line)က နံပါတ်၃ကြိုး (G) ၊ စတုတ္ထမျဉ်း (4 th     Line) က နံပါတ်၎ကြိုး (D) ၊ ပဉ္စမမျဉ်း (5 th   Line) က နံပါတ်၅ကြိုး (A) ၊ အောက်ဆုံးမျဉ်း (6 th   Line) ကတော့ နံပါတ်၆ကြိုး (E) ဆိုတာ သဘောပေါက်လောက်ပါပြီ ။   ပုံစံ-၂ ဖြင့် နောက်ဥပမာ တစ်မျိုးကို ထပ်ရှင်းပြ ပါမယ် ။  

Picture
ပုံ-၂ ကိုကြည့်ပါ ။ ၆ကြိုး တစ်ချောင်းတည်း ပေါ်မှာ ရေးထား ပါတယ် ။  နုတ်အားလုံးဟာ ၆ကြိုး ပေါ်မှာသာ တီးရမှာပါ ။ Tabအောက်ဆုံးမျဉ်းပေါ်မှာ ရေးထားတဲ့ 1,2,3,4,5,6 ဆိုတာ ဂစ်တာ၆ကြိုးရဲ့ လက်ကွက် 1,2,3,4,5,6 လို့ပြောတာပါ အဲဒီတော့ အောက်ဆုံးမျဉ်း  (6 th Line) ပေါ်မှာ 1လို့တွေ့တဲ့အခါ ဂစ်တာ နံပါတ်၆ကြိုးရဲ့ လက်ကွက်၁မှာ တီးရမယ်ဆိုတာ သိလောက်ပါပြီ ။ ကျန်တာတွေလည်း အစဉ်အတိုင်းပါပဲ ။ (6 th Line) ပေါ်က 2 ဆိုတာ ၆ကြိုးရဲ့ လက်ကွက် ၂ ၊ 3ဆိုတာ ၆ကြိုးရဲ့ လက်ကွက်၃ … စသည်ဖြင့် သဘောနိုင်ပါပြီ ။ Tabရဲ့အောက်မှာ (လေးထောင့်ဘောင်ခတ်) ပေးထားတဲ့ နံပါတ်တွေကတော့ တီးရမယ့် (ဘယ်ဘက်) လက်ချောင်းတွေကို ဖော်ပြထားတာပါ ။ (ရှင်းပြလွယ်ကူအောင်သာ ဘောင်ခတ်ပြထားခြင်း ဖြစ်ပါတယ် ။ ပကတိနုတ်မှာတော့ ဘောင်မခတ်ထားပါဘူး ။ )

Picture
ဒါကတော့ လက်ချောင်းများကို နံပါတ်နဲ့ပြထားတဲ့ပုံပါ ။ လက်ချောင်းပြ နံပါတ်တွေကတော့   1=(လက်ညိုး) , 2="(လက်ခလယ်) ,  3=(လက်သူကြွယ်) , 4="(လက်သန်း)   တို့ဖြစ်ကြပါတယ် ။ ကဲဒါဆို Tab(ပုံ-၂)ကို ပြန်ကြည့်ပါမယ် ။  Tab - 6 th   lineပေါ်က 1 ဆိုတာ ဂစ်တာ နံပါတ်၆ကြိုးရဲ့ လက်ကွက်၁ကို လက်ချောင်း၁ (လက်ညိုး)ဖြင့် တီးဖို့ ပြောတာပါ ။ 6 th   line ပေါ်က 2ဆိုတာ လည်း ဂစ်တာ နံပါတ်၆ကြိုးရဲ့ လက်ကွက် ၂ကို လက်ချောင်း၂ (လက်ခလယ်) ဖြင့် တီးရမယ် လို့ ပြောခြင်းပါ ။ ကျန်တာ တွေ လည်း အစဉ်အတိုင်းပါပဲ ။ လက်ချောင်း နှင့် လက်ကွက် အတူတူပါပဲ ပြောင်းလဲတဲ့ နေရာကတော့ 5နှင့်6ပါ မျဉ်းပေါ်မှာ 5လို့ရေးထားပြီး လက်ချောင်းနံပါတ် ကတော့ 1လို့ရေးထားပါတယ် ။ ဂစ်တာနံပါတ်၆ ကြိုးရဲ့ လက်ကွက်၅ကို လက်ချောင်း၁ (လက်ညိုး)ဖြင့် တီးရမယ်လို့ ဖော်ပြခြင်းပါ  နောက်တစ်ခု မျဉ်းပေါ်က 6ကတော့ ဂစ်တာ၆ကြိုးရဲ့ လက်ကွက်၆ကို လက်ချောင်း၂ (လက်ခလယ်)ဖြင့် တီးခတ် ဖို့ပါ ။ ဥပမာ၂ အကြောင်းပြီးပါပြီ ။

Picture
ဒီတစ်ခုက   Tab-chord တွေ အကြောင်းပါ ။   ပုံ-၃ ကိုကြည့်ပါ   ။ မျဉ်း၆ကြောင်းမှာ  Tabရဲ့ဂဏန်းတွေကို တပြိုင်တည်း ရေးသားထားပါတယ် ။ 1 st   lineပေါ် က (0) က ၁ကြိုးရဲ့လွှတ်ကြိုးပါ ။ 2 nd- line ပေါ်က (0) ဟာ ၂ကြိုးရဲ့ လွှတ်ကြိုးပါ ။ 3 rd- lineပေါ်က  (1)ကတော့ ၃ကြိုးရဲ့လက်ကွက်၁ပါ ။  4 th   line ပေါ်က 2 ကတော့ ၄ကြိုးရဲ့ လက်ကွက်၂ ၊ 5 th   line ပေါ်က 2 ကတော့ ၅ကြိုးပေါ်က လက်ကွက်၂ ၊ 6 th   line ပေါ်က (0) ကတော့ ၆ကြိုးရဲ့ လွှတ်ကြိုး တို့ပဲဖြစ်ပါတယ် ။  တပြိုင်တည်း ရေးသားထားသောကြောင့် တပြိုင်တည်း တီးခတ်ရပါမယ် ။ ထွက်ပေါ်လာတဲ့ အသံကတော့ E chord ပါ ။  Guitar chord တွေကို ဖတ်ရှုတဲ့အခါ ဂစ်တာကို ပြောင်းပြန်လှန်ကြည့်တဲ့ပုံအပြင် ဂစ်တာကို ထောင်လျက် အနေအထား ပုံစံလည်းရှိပါတယ် ။ အဲဒါလည်း သိထားသင့်ပါတယ် ။ အောက်မှာ ဥပမာ ပေးထားတဲ့ C chord ပုံကိုကြည့်ပါ ။

Picture
ဂစ်တာကို  ထောင်လျက်အနေအထား  Diagram ဆွဲထားတဲ့ပုံပါ ။ (x) ဆိုတာက အသံမထွက်ရ / မတီးရတာကို ပြောတာပါ ။ 1,2,3 ကတော့ လက်ချောင်းနံပါတ်တွေကို ပြောတာပါ ။ Fret ကတော့ ရေးစရာ မလိုတော့ပါဘူး ။ ဂစ်တာနောက်ပိုင်းက chord position တွေဆိုရင်တော့ Fretနံပါတ်တွေ ရေးထားလေ့ရှိပါတယ် ။ ဒီလောက်ဆို Guitar chord chart / diagram တွေ ဖတ်နိုင်ပါပြီ ။ ကျွန်တော်တို့ ဂစ်တာကိုလည်း ကြိုးညှိပြီးပြီ ။ Tablature note တွေလည်း ဖတ်တတ်ပြီဆိုတော့ လက်တွေ့သင်ခန်းစာလေးတွေ စလိုက်ရအောင် … ။ ။
( လက်တွေ့သင်ခန်းစာတွေ စတင်ရအောင် အခြေခံဂစ်တာ သင်ခန်းစာ (plan-1) ကိုသွားဖို့ အောက်ကလင့်ခ်ကို နှိပ်လိုက်ပါ)




ရွှင်လန်းချမ်းမြေ့ပါစေ ။
(လူတစ်ယောက်)

No comments:

Post a Comment